ဆောင်းတွင်းမှာ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ ဘယ်လိုဂရုစိုက်ရမလဲ
ဆောင်းရာသီလို အေးတဲ့ရာသီမှာ အသားအရေခြောက်သွေ့တာ၊ အသားပတ်တာ၊ အရေပြားအဖတ်တွေ ကွာတာက အဖြစ်အများဆုံး ပြဿနာပါ။ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ ပိုပြီး ကြုံတွေ့ရတဲ့ ပြဿနာ ဆိုပါတော့။
ဒါဆို အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကရော ဆောင်းရာသီမှာ အေးဆေးပဲလား။ အသားအရေကို အထူးတလည် ထိန်းသိမ်းဖို့ မလိုတော့ဘူးလား။ အေးပြီးခြောက်သွေ့တဲ့ ရာသီမှာ စိုစွတ်မှုလည်း နည်းလို့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ နွေရာသီ၊ မိုးရာသီတွေလို အဆီထိန်းတဲ့ ပေါင်ဒါတွေအများကြီး ရိုက်နေဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဒါက အရေပြားရဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု ရပ်သွားတာတော့ မဟုတ်ပါဘူး။ စိုစွတ်တဲ့ရာသီတွေလောက် အဆီတွေ ပြန်မနေတော့ပေမယ့် အသားအရေကို ဂရုတစိုက် ထိန်းသိမ်းဖို့တော့ လိုအပ်ပါသေးတယ်။
ပုံမှန်အားဖြင့် အရေပြားမှာရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို ထုတ်ပေးပြီး အသားအရေကို အစိုဓာတ်ပေးကာ ချောမွေ့စေပါတယ်။ အဆီပြန်တဲ့အသားအရေတွေမှာတော့ အဆီတွေကို အလွန်အကျွံ ထုတ်ပေးပြီး ပိုလျှံနေတဲ့ အဆီတွေက မွေးညင်းပေါက်တွေထဲ ပိတ်ဆို့ကာ ဝက်ခြံထွက်စေတာပါ။ မျိုးရိုးဗီဇနဲ့ ဟော်မုန်းအပြောင်းအလဲတွေက အဆီပြန်တဲ့ အသားအရေကို ဖြစ်စေပါတယ်။ Androgen လို့ ခေါ်တဲ့ ကျားဟော်မုန်းက အဆီဂလင်းထဲက အဆီတွေ ပိုမိုထွက်အောင် လုပ်ဆောင်ပါတယ်။
အဆီပြန်တဲ့ အသားအရေကို ဆောင်းရာသီမှာ ဘယ်လိုထိန်းသိမ်းသင့်လဲ?
(1) မျက်နှာသစ်ပါ
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်တာက ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားပေးမှာပါ။ ဆောင်းရာသီက အဆီထွက်နှုန်းနည်းလို့ cleanser တွေ မသုံးဘဲ facial wash လောက် သုံးရုံနဲ့ လုံလောက်ပါတယ်။ မိတ်ကပ်လိမ်းထားရင်တော့ မိတ်ကပ်ဖျက်ရန် cleanser သုံးဖို့ လိုအပ်ပါလိမ့်မယ်။
(2) ဂျီးချွတ်ပါ (exfoliation)
ပုံမှန်ဂျီးချွတ်တာက မွေးညင်းပေါက်တွေထဲက အဆီပိုတွေနဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဝက်ခြံကင်းကာ နူးညံ့တဲ့ အသားအရေကို ရစေပါတယ်။တစ်ပတ်ကို ၃ ကြိမ်ခန့် ဂျီးချွတ်ပေးရင် လုံလောက်ပါတယ်။
(3) တိုနာလိမ်းပါ
တိုနာလိမ်းတာက အဆီပိုတွေကို ဖယ်ရှားပေးသလို ချွေးပေါက်လည်း ကျဥ်းစေပြီး အရေပြားရဲ့ pH level ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် တိုနာက အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွေ့စေတာမို့ skin care အဆင့်တွေမှာ တိုနာက လုံးဝချန်ထားလို့ မရတဲ့အရာပါ။
(4) အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ (moisturizer)
အဆီပြန်တဲ့ အသားအရေဆိုရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ မလိုအပ်ဘူးလို့ တချို့က လွဲမှားစွာ ယူဆတတ်ကြပါတယ်။ အရေပြားမှာ အစိုဓာတ်နည်းနေရင် အဆီဂလင်းတွေက ဆီတွေပိုပြီး ထုတ်လုပ်တတ်တာမို့ ရေဓာတ်ဖြည့်ထားဖို့ လိုကိုလိုအပ်ပါတယ်။ အဆီကိုအခြေခံပြီး လုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို ရှောင်ပြီး ရေကိုအခြေခံပြီး လုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို ရွေးချယ်ပါ။
(5) နေရောင်ကာခရင်မ် လိမ်းပါ
နေရောင်ကာခရင်မ်က အသားအရေအမျိုးအစား အားလုံးအတွက် လိုအပ်တဲ့အရာပါ။ ရေကိုအခြေခံလုပ်ထားပြီး ဗိုက်တာမင်အီး ကြွယ်ဝတဲ့ နေရောင်ကာခရင်မ်တွေက အဆီပြန်တဲ့အသားအရေအတွက် အသင့်တော်ဆုံးပါပဲ။
ဒါတွေအပြင် ရေများများသောက်တာ၊ အသီးအရွက် များများစားတာ၊ အိပ်ရေးဝအောင် အိပ်တာတွေက အသားအရေကောင်းဖို့ ပိုမိုအထောက်အကူ ဖြစ်စေမှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်